Sunday, June 5, 2011

ဖွံ့ဖြိုးတိုးတက်မှုကို အပြုံးနှင့်တိုင်းပါ

မကြာမီက နိုင်ငံခြားက နိုင်ငံခြားသူ စာရေးဆရာမ တစ်ယောက်နဲ့ အတော်ကြာကြာ စကား ပြောဖြစ်တယ်။ အရင်ကတည်းက ရင်းနှီးပြီးသားဖြစ်လို့ နှစ်ယောက်စလုံး ပွင့်ပွင့်လင်းလင်းပဲ ပြောကြတယ်။ သူက မြန်မာပြည်နေရာအနှံ့ အခေါက်ခေါက် အခါခါ ရောက်ဖူးတဲ့အတွက် စကား ပြောရတာ လွယ်ကူချောမောတယ်။ သိပ်လက်မ၀င်ဘူး။
လူအိုရုံတွေနည်း
စကားပြောရင်းနဲ့ မြန်မာပြည် မြို့ကြီး၊ မြို့နယ် အတော်များများမှာ နာရေးကူညီမှုအသင်းတွေ ပေါ်ထွန်းလာတာ ၀မ်းသာစရာကောင်းတဲ့ အကြောင်းပြောပြီး အိုရေးအတွက်တော့ လူအိုရုံတွေ သိပ်နည်းနေလို့ အားမရဘူးလို့ပြောပြတယ်။ မှန်ပါတယ်။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကြည့် မယ်ဆိုရင် ဘိုးဘွားရိပ်သာတွေ နည်းပါတယ်။ အနောက်နိုင်ငံသားတွေက ဘာမဆို ကိန်းဂဏန်း တွေကတစ်ဆင့် ကြည့်တတ်ကြတာဆိုတော့ သူတို့မျက်စိထဲမှာတော့ အထင်အမြင်သေးစရာ ဖြစ်နေပါလိမ့်မယ်။ ဒါတောင် ဒီစာရေးဆရာမက မြန်မာနိုင်ငံအကြောင်း ကောင်းကောင်းသိပြီး မြန်မာလူမျိုးတို့ရဲ့ စရိုက် သဘာဝနဲ့ ယဉ်ကျေးမှုကို တော်တော်လေး ချစ်ခင်နှစ်သက်သူ ဖြစ်ပါတယ်။

ရေတ၀က်ရှိတဲ့ ပုလင်းလို
ဒီကိစ္စဟာ ရေတစ်ဝက်ရှိတဲ့ ပုလင်းကို ကြည့်သလိုပဲ ကြည့်သူရဲ့စိတ်ကိုလိုက်ပြီး အမြင်ကွဲပြား သွားနိုင်တဲ့ကိစ္စပါ။ အကောင်းမြင်စိတ်ဓာတ်ရှိသူက ရေတစ်ဝက်ရှိတဲ့ ပုလင်းကိုကြည့်ပြီး ရေတစ် ၀က်ကြီးများတောင် ကျန်ပါသေးလားလို့ မြင်ပါလိမ့်မယ်။ အဆိုးမြင်စိတ်နဲ့ ကြည့်တတ် သူက တော့ ရေတစ်ဝက်ပဲ ကျန်တော့ပါလား မြင်ပါပြောပါလိမ့်မယ်။ ဘိုးဘွားရိပ်သာတွေ နည်းတဲ့ ကိစ္စကို အဆိုးမြင်နဲ့ ကြည့်ရင်တော့ မြန်မာတွေ မေတ္တာ၊ ကရုဏာခေါင်းပါးတယ်။ လူမှုရေး နား မလည်ဘူး၊ အရပ်ဘက်လူ့အဖွဲ့အစည်းတွေ မဖွံ့ဖြိုးသေးဘူး စတဲ့အမြင်တွေနဲ့ ကောက်ချက် ချမှာ သေချာတယ်။ ဒါတင်မက ကိုယ်လိုချင်ရာဆွဲပြီး အရပ်ဘက်လူ့အဖွဲ့အစည်းတွေ ‘အင်စတီ ကျူရှင်း’ တွေ အလုံအလောက်မရှိသေးလို့ ဒီမိုကရေစီနဲ့ မထိုက်တန်သေးဘူးလို့ ကောက်ချက် ချသူတချို့လည်း ရှိလိမ့်မယ်။

အိမ်ဦးခန်းမှာထား
အကောင်းမြင်နဲ့ကြည့်ရင်တော့ မြန်မာလူ့အဖွဲ့အစည်းက ဗုဒ္ဓဘာသာထွန်းကားတဲ့ အဖွဲ့ အစည်း ဖြစ်တာကြောင့် မိဘကို ရတနာသုံးပါးနဲ့ ထပ်တူထပ်မျှ ရိုသေလေးစား ဦးထိပ်ထားပြီး ပြုစု စောင့်ရှောက်ကြတယ်။ သက်ကြီးရွယ်အိုဆိုရင် မိဘသာမက ဦးကြီး၊ ဘကြီး၊ ဦးလေး၊ အဒေါ် တွေကိုတောင် အိမ်ဦးခန်းမှာထားပြီး ရာသက်ပန် ပြုစုစောင့်ရှောက်ကြတယ်။ ဒါကြောင့် လူအိုရုံ တွေ သိပ်များများစားစား မလိုတာလို့ တွေးပါလိမ့်မယ်။ မြန်မာနိုင်ငံက ဆင်းရဲတဲ့ ကျေးလက် တောရွာ တွေမှာတောင် သက်ကြီးရွယ်အိုတွေကို စွန့်ပစ်ထားလို့ လမ်းဘေး ရောက်နေတာ မျိုး တွေ မတွေ့နိုင်ပါဘူး။ မာသာထရီဇာက လမ်းဘေးမှာ လိုက်ကောက်ပြီး ပြုစု စောင့်ရှောက် ရတယ်ဆိုတဲ့ အခြေအနေမျိုး ဘယ်မြို့၊ ဘယ်ရွာမှာမှ မရှိပါဘူး။

စိတ်ယဉ်ကျေးမှု မြင့်လို့
ငွေကြေးချမ်းသာပြည့်စုံနေလို့ လူအိုလူမင်းတွေကို မစွန့်ပစ်ကြတာ မဟုတ်ဘူး။ စိတ်ယဉ် ကျေး မှုကိုက အဆင့်မြင့်တဲ့ လူမျိုး ဖြစ်လို့ပါ။ နိုင်ငံခြား တိုင်းပြည်ကြီးတွေ တိုးတက် ချမ်းသာကြ ပါတယ်။ ရာဇ၀တ်မှုတွေနဲ့ အကြမ်းဖက်မှုတွေဆိုတာလည်း ကြောက်ခမန်းလိလိဖြစ်အောင်ကို ထူပြောလှပါတယ်။ သက်ကြီးရွယ်အို ဘိုးဘွားမိဘတွေကိုလည်း ပစ်ပယ်လွန်းပါတယ်။ လူကြီး တွေအတွက် အချိန်ပြည့် ပြုစုစောင့်ရှောက်မှုတွေရှိလို့ ပိုကောင်းတာပေါ့ ဆိုတဲ့ စကားလုံး လှလှလေးတွေ သုံးပြီး Nursing Home လို့ခေါ်ကြတဲ့ လူအိုရုံတွေကို ပို့ထားလိုက်ကြတာပါပဲ။

လူဟာလူပဲ
လူအိုရုံတွေမှာ ဆရာဝန်တွေ၊ သူနာပြုတွေ အများကြီးရှိကြပါတယ်။ ဒါပေမယ့် သားသမီးတွေ မဟုတ်ပါဘူး။ မြေးတွေ၊ မြစ်တွေ မဟုတ်ပါဘူး။ ထမင်း အချိန်နဲ့ကျွေး၊ ဆေး အချိန်နဲ့တိုက်၊ သွေးတိုင်းဖို့လိုရင် တိုင်းပေးဆိုတာလောက်နဲ့ ပြီးရောလား။ ဒါကို လူအိုတွေအတွက် ကောင်း တယ် လို့ပြောတာလား။ သားသမီးတွေကို အချိန်တန် အရွယ်ရောက်လို့ လူလားမြောက်တဲ့အထိ ကျွေးမွေးပြုစု စောင့်ရှောက်လာခဲ့ကြရှာတဲ့ အဖေတွေ၊ အမေတွေပါ။ မရက်စက်သင့်ပါဘူး။ အရာရာ ကို ရုပ်ပိုင်းဆိုင်ရာကိုသာကြည့်ပြီး မစဉ်းစားသင့်ဘူး။ မေတ္တာ၊ ကရုဏာ ဆိုတဲ့ စိတ်ပိုင်း ဆိုင်ရာတွေကိုလည်း ထည့်စဉ်းစား သင့်တယ်။ အဘိုးအို၊ အဘွားအိုကြီးတွေလည်း မြေးကလေး တွေ ရယ်ရွှင်မြူးတူး ဆော့ကစားနေတာလေးတွေကို ကြည့်ပြီး ကြည်နူးချင်ကြရှာမှာပါ။ သူနာပြု ဆရာမ ခင်းပေးတဲ့ အိပ်ရာခင်း ဖြူသန့်သန့်လေးထက်၊ မြေးကလေးတွေ လာအိပ်ရင်း ပေါက်ချ သွားတဲ့ သေးနံ့လေးသင်းနေတဲ့ အိပ်ရာခင်းဟောင်းလေးကို ပိုပြီးသဘောကျကြမှာ သေချာပါ တယ်။ ဘယ်လောက် ကြီးကြီး၊ ဘယ်လောက်ငယ်ငယ် လူဟာလူပါပဲ။ ကိုယ်က ချစ်နေချင် သလို၊ ကိုယ့်ကိုချစ်တာလည်း ခံချင်ပါတယ်။

အခြားတစ်ဖက်က မစဉ်းစားမိလို့
ဒီအကြောင်းအရာတွေကို ပြောလိုက်တော့ နိုင်ငံခြားသူ စာရေးဆရာမက ချက်ချင်း သဘော ပေါက်သွားတယ်။ ရေတစ်ဝက်ရှိတဲ့ ပုလင်းကိုကြည့်တဲ့ သဘောမျိုးပဲ ဆိုတာကိုလည်း လက်ခံ တယ်။ အခြားတစ်ဖက်က လှည့်ပြီးမစဉ်းစားမိတာ သူ့အပြစ်ပါလို့လည်း ၀န်ခံတယ်။ သူက မြန်မာပြည်ကို အခေါက်ခေါက် အခါခါရောက်ပြီး မြန်မာလူမျိုးတွေ အများကြီးနဲ့လည်း ရင်းနှီး ကျွမ်းဝင်နေလို့သာ ချက်ချင်း သဘောပေါက်လွယ်တာ။ တခြားနိုင်ငံခြားသားတွေဆို နားလည် သဘောပေါက်မှာ မဟုတ်ဘူး။ အဲဒီလို လူမျိုးတွေဆို ဒီလိုလေကုန်ခံပြီး ရှင်းပြပြောပြလည်း လုပ်မှာမဟုတ်ပါဘူး။ အောက်စီဂျင်ရှုရတဲ့ တန်ဖိုးက သေးတာမှ မဟုတ်တာ။

နိုင်ငံခြားစံနှုန်းတွေ
လူတစ်ယောက်ကို ကြည့်တဲ့အခါဖြစ်ဖြစ်၊ လူတစ်မျိုးကို အကဲဖြတ်တဲ့အခါဖြစ်ဖြစ်၊ နိုင်ငံခြားက လူတွေသုံးကြတဲ့ စံနှုန်းတွေကို တယ်ပြီးသဘောမတွေ့ပါဘူး။ သူတို့က စီးပွားရေး ပညာရှင်ဆို တဲ့ မဟာပညာကျော်တွေရဲ့ စီးပွားရေးအမြင် သက်သက်နဲ့ တွေးဆထားတဲ့ စံနှုန်းတွေကိုပဲ အဟုတ်ထင်နေကြတယ်။ ဘွဲ့ရတဲ့လူ ဘယ်နှယောက်ရှိတယ်။ မော်တော်ကား ဘယ်နှစင်း ရှိတယ်၊ တယ်လီဖုန်း ဘယ်လုံးရှိတယ်၊ အင်တာနက်သုံးနိုင်သူ ဘယ်လောက်ရှိတယ် ဆိုတာ တွေနဲ့ပဲ လူတွေနဲ့ တိုင်းပြည်တွေကို တိုင်းကြည့်ပြီး အဆင့်သတ်မှတ်နေကြတာ။ ဒီမိုကရေစီ အင်မတန်ထွန်းကားပြီး စာတတ်မြောက်မှု ရာနှုန်း မြင့်မားလှတယ်ဆိုတဲ့ အမေရိကန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ ရာဇ၀တ်မှုအထူပြောဆုံး၊ အကြမ်းဖက်မှုအများဆုံး၊ လင်ကွာ မယားကွဲ အမြင့်ဆုံး၊ ဆယ်ကျော်သက်ရွယ် ကိုယ်ဝန်ဆောင်မှု ကမ္ဘာမှာ နှုန်းအမြင့်ဆုံးဆိုတဲ့ အချက်တွေကိုတော့ ထည့်ပြီးစဉ်းစားလေ့ မရှိကြဘူး။

အပြုံးနဲ့တိုင်းပါ
ဖွံ့ဖြိုးတိုးတက်မှုဆိုရာမှာ ဂျီဒီပီတွေ၊ ဂျီအင်ပီတွေနဲ့တင် သတ်မှတ်လို့မရပါဘူး။ ဘွဲ့ရတဲ့သူ ဘယ်နှယောက် ဆိုတာနဲ့ တိုင်းလို့မရပါဘူး။ လူတွေ ဘယ်လောက်ကျေနပ် ပျော်ရွှင်မှု ရှိနေသ လဲ။ ဘယ်လောက် ပြုံးနိုင်ကြသလဲ။ စိတ်ယဉ်ကျေးမှုအဆင့် ဘယ်လောက်ရှိသလဲ ဆိုတာတွေပါ ထည့်သွင်းစဉ်းစားမှ ပြည့်စုံလိမ့်မယ်လို့ ယူဆတယ်။ တစ်ခုတည်း ချုပ်ပြီးပြောမယ် ဆိုရင်တော့ နိုင်ငံတစ်နိုင်ငံရဲ့ အဆင့်အတန်းကို အဲဒီနိုင်ငံမှာ ပြုံးနိုင်တဲ့လူ ဘယ်နှယောက်ရှိသလဲဆိုတာနဲ့ တိုင်းပါလို့ ပြောချင် တယ်။ ရယ်တယ်ဆိုတာက လူရွှင်တော်တွေ ပြက်လုံးထုတ်တာကြည့်ပြီး ခွက်ထိုးခွက်လန် ရယ်လို့ရတယ်။ ဟာသ၀တ္ထုတွေ ဖတ်ပြီး ၀ါးလုံးကွဲ ရယ်လို့ရတယ်။ ကလိထိုး ရင်လည်း ထွန့်ထွန့်လူးအောင် ရယ်လို့ရတယ်။ ပြုံးတယ်ဆိုတာကတော့ မလွယ်ဘူး။ တကယ်ကို ရင်ထဲမှာ ကျေနပ်နှစ်သိမ့် ကြည်နူးနေမှ ပြုံးလို့ရတာ။

                                                                              လူထုစိန်ဝင်း
                                                                              ၂၂၊ ဒီဇင်ဘာ၊ ၂၀၁၀။

Saturday, May 28, 2011

လူတိုင်းမှာ စဉ်းစားဖို့ ခေါင်းတစ်လုံး ရှိတယ်

မြန်မာတွေ ဒီမိုကရေစီအတွက် အဆင်သင့်ဖြစ်ရဲ့လား’ နိုင်ငံခြားသားမဟုတ်တဲ့ မြန်မာ လူမျိုး တစ်ယောက်ရဲ့ ပါးစပ်က ဒီလိုမေးခွန်းမျိုး ထွက်လာတာကြားရတော့ ပြုံးလိုက်မိတယ်။ ‘ ဒီပုတ် ထဲက ဒီပဲတွေချည့် ပါပဲလား’ လို့လည်း ကောက်ချက် ချလိုက်တယ်။ 
ပညာရေချိန်နိမ့်သေးလို့
‘မြန်မာတွေ လွတ်လပ်ရေးနဲ့ မတန်သေးဘူး’ လွန်ခဲ့တဲ့နှစ်ပေါင်း ခုနစ်ဆယ်ကျော်၊ ရှစ်ဆယ် တုန်းကလည်း ဒီစကားမျိုးတွေ ပြောခဲ့ကြဖူးတယ်။ နိုင်ငံခြားသား ကိုလိုနီနယ်ချဲ့သမားတွေက ပြောခဲ့တာမဟုတ်ဘူး။ မြန်မာလူမျိုးတွေ ပါးစပ်ကပြောခဲ့ကြတာ။ နယ်ချဲ့သမားတွေက လက် သပ်မွေးထားတဲ့ ဘိလပ်ပြန်တွေ၊ မြို့အုပ်ဝန်ထောက်တွေက ပြောခဲ့ကြတာဖြစ်တယ်။ မြန်မာ လူမျိုးတွေ ပညာရေနိမ့်ကျနေသေးလို့ ရာနှုန်းပြည့် လွတ်လပ်ရေးနဲ့ မထိုက်တန်သေးဘူး။ ဟုမ္မရူးလို ဘုရင်ခံရဲ့ လက်အောက်ခံ အုပ်ချုပ်ရေးလို စနစ်မျိုးကိုသာ တောင်းသင့်တယ်လို့ ဆိုခဲ့ ကြတယ်။ နယ်ချဲ့အုပ်ချုပ်ရေးယန္တရားကြီးတစ် ခုလုံးကို ကိုင်လှုပ်ခဲ့တဲ့ တောင်သူလယ်သမား သူပုန်ထမှုကြီးကို နယ်ချဲ့အစိုးရက သောင်းကျန်းသူဓားပြတွေလို့ တံဆိပ်တပ်ခဲ့သလို၊ အလို တော်ရိမြန်မာအရာရှိတွေကလည်း ဘုရင်ရူး ရူးနေသူတစ်ယောက်ရဲ့ လှုံ့ဆော်မှုနောက်ကို လိုက်ပါသွားခဲ့ကြတဲ့ ပညာမဲ့တောသားများရဲ့ သောင်းကျန်းမှုလို့ ခေါ်ခဲ့ကြတယ်။

သေဒဏ်ပေးခဲ့တာ မြန်မာ
ဆရာစံ ခေါင်းဆောင်တဲ့မျိုးချစ် သူပုန်တွေကို ရုံးတင်စစ်ဆေးပြီး သေဒဏ်ပေးခဲ့တာလည်း မြန်မာတွေဖြစ်တယ်။ အဲဒီခေတ် ဘိလပ်ပြန်တွေနဲ့ မြို့အုပ်ဝန်ထောက်စတဲ့ ရေပေါ်ဆီလူတန်း စားအားလုံးလိုလိုက နယ်ချဲ့အစိုးရ ဆက်လက်အုပ်ချုပ်နေတာကိုပဲ လိုလားကြတယ်။ လွတ်လပ် ရေး ရသွားရင် သူတို့ မျက်စိဆံပင်မွှေးစူးနေတဲ့ သခင်ပေါက်စတွေက သူတို့အထက်ကနေပြီး အစိုးရတက်လုပ်ကြမှာကို နည်းနည်းလေးမှ မရှုဆိတ်နိုင်ကြဘူး။ အဲဒါကြောင့် မျက်နှာဖြူဘုရင် ခံမင်းကြီးအောက်က ဟုမ္မရူးအဆင့်လောက် ဒိုမီနီယံအဆင့်လောက်ပဲ တောင်းသင့်တယ်လို့ ပြောခဲ့ကြတာဖြစ်တယ်။ မြန်မာတွေပညာတတ်အောင် အရင်လုပ်ကြဦးလို့လည်း သြ၀ါဒချွေခဲ့ ကြတယ်။

သားမြေးရေပေါ်ဆီတွေ
နယ်ချဲ့ခေတ်လက်ကိုင်တုတ် ရေပေါ်ဆီ လူတန်းစားတွေက လွတ်လပ်ရေးနဲ့ မတန်သေးဘူးလို့ ပြောခဲ့ကြသလို အခုခေတ် သူတို့ရဲ့သားမြေး ရေပေါ်ဆီတွေ (အီလစ်)တွေ ကလည်းမြန်မာတွေ ဒီမိုကရေစီနဲ့ မထိုက်တန်သေးဘူးလို့ ပြောဆိုနေကြ ပြန်တယ်။ အကြောင်းပြချက်ကတော့ တစ် သံတည်း အတူထွက်ကြတယ် ‘ပညာရေချိန်နိမ့်သေးလို့’ တဲ့။ ပညာတတ်မှပဲ စကားပြောခွင့်ရှိသ လို၊ နားကြားခွင့်ရှိသလို ဖြစ်နေတော့တယ်။ အမှန်စင်စစ်တော့ ဒီမိုကရေစီဆိုတာ လူတိုင်း လူ တိုင်းရဲ့ မွေးရာပါ အခွင့်အရေးဖြစ်တယ်။ ပေးမှရ တာမျိုးမဟုတ်ဘူး။ သဘာဝတရားက လူ တိုင်းကို မွေးကတည်းက စဉ်း စားဖို့ ခေါင်းတစ်လုံး၊ စကားပြောဖို့ ပါးစပ်တစ်ပေါက်၊ နား ထောင်ဖို့ နားရွက်တစ်စုံအပြင် အသက်ရှင်နေထိုင် နိုင်ဖို့အတွက် လိုအပ်သမျှအားလုံး ဖန်တီး ပေးလိုက်တယ်။ လူဖြူကိုမှ ပါးစပ်ထည့်ပေးထားပြီး လူမည်း၊ လူညို၊ လူဝါတွေကို ပါးစပ်ထည့်မ ပေးဘူးဆိုတာမျိုး မရှိဘူး။

ရေပေါ်ဆီတွေလက်ထဲထားချင်လို့
ဒါဖြင့်ရင် ဘယ်လိုလူမျိုးတွေက ဘာကြောင့် ‘ပညာရေချိန်မြင့်မှ ဒီမိုကရေစီနဲ့ထိုက်တန်တယ်’ လို့ ပြောဆိုနေကြတာလဲ။ အဖြေကရှင်းပါတယ်။ ကျေးပိုင် ကျွန်ပိုင်စနစ်ကျင့် သုံးတဲ့ ရှေးရောမ ခေါမခေတ်က ပေါ်ထွန်းခဲ့တဲ့ ‘ပညာရှင်များကသာ တိုင်းပြည်ကိုအုပ်ချုပ်သင့်တယ်’ ဆိုတဲ့ အယူ အဆကို စွဲကိုင်ထားသူတွေက ပြောကြတာဖြစ်တယ်။ ဒီမိုကရေစီ အယူအဆကို စွဲကိုင်ထားသူ တွေက ပြောကြတာဖြစ်တယ်။ ဒီမိုကရေစီစနစ် စတင်ထူထောင်ခဲ့တဲ့ အဲဒီခေတ်အခါက မိန်းမ တွေနဲ့ ကျွန်တွေဟာ မဲပေးခွင့် မရှိခဲ့ကြဘူး။ ဂုဏ်သရေရှိ သခင် လူတန်းစား ယောက်ျား တွေပဲ မဲပေးခွင့်၊ အုပ်ချုပ်ခွင့်ရှိတယ်။ နယ်ချဲ့ခေတ် ဒေသန္တရ အုပ်ချုပ်ရေးရွေးကောက်ပွဲတွေမှာလည်း မြေပိုင်၊ ယာပိုင်၊ အိုး ပိုင်၊ အိမ်ပိုင်နဲ့ အလုပ်အကိုင်ရှိသူတွေ သာ မဲပေးခွင့်ရှိခဲ့တယ်။ အကြောင်း ကတော့ နိုင်ငံသားအားလုံး တန်းတူညီမျှ အခွင့်အရေး မပေးလိုဘဲအုပ်ချုပ်ရေး အာဏာကို ရေ ပေါ်ဆီ လူတန်းစားကသာ ချုပ်ကိုင်ထားလိုတဲ့ သဘော ဖြစ်တယ်။

ဘ၀ပေးအသိ
ဘယ်ခေတ်က ဘယ်အခါမဆို မြို့တော်ကြီးတွေမှာ နေတဲ့ အုပ်ချုပ်သူ လူတန်စားနဲ့ သူတို့ရဲ့ လက်ဝေခံ ကုန်သည်ပွဲစား လူတန်းစားတွေကသာ ချမ်းသာကြွယ်ဝကြပြီး တောင်သူလယ်လုပ် ဓားမခုတ်တွေနဲ့ လက်လုပ်လက်စားတွေက ဆင်းရဲကြတယ်။ ဆင်းရဲတော့ ပညာကောင်း ကောင်း မသင်နိုင်ဘူး။ ပညာရေချိန်နိမ့်ကျပေမယ့် မိုးရွာချိန်မှာ မျိုးစေ့ချစိုက်ပျိုးရမယ်။ ရင့်မှည့် လာချိန်မှာ ရိတ်သိမ်းရမယ်။ မိုးခေါင်ရင်ချောင်းတွေ၊ မြောင်းတွေက ရေတွေကို မြောင်းဖောက် သွယ်ယူပြီး လယ်ကိုရေပေးရမယ် ဆိုတာတွေကို သိကြတယ်။ ဘယ်သူကမှ လာပြီး သင်ပေး စရာမလိုဘူး။ သူတို့ရဲ့ ဘ၀ပေးအသိနဲ့ လုပ်တတ်ကြ တာဖြစ်တယ်။ ပိုက်ဆံဆိုတာ ပေါ်လာချိန် ကစပြီး စားသုံးလို့ပိုလျှံတဲ့ သီးနှံတွေကိုဈေးမြို့တက်ရောင်းမယ်။ ကိုယ်လိုတဲ့ပစ္စည်း ပြန်ဝယ် မယ်။ ဒါတွေလည်း ဘ၀ပေးအသိနဲ့ လုပ်တတ်ခဲ့ကြတာပါပဲ။ ဘယ်သူကမှ သင်ပေးစရာမလိုဘူး။

ပြည်သူ့အစေခံ
နိုင်ငံရေးဆိုတာ ဘာလဲ။ အလွယ်ဆုံး ပြောမယ်ဆိုရင် သတ်မှတ်ထားတဲ့ နယ်နိမိတ် အပိုင်း အခြား တစ်ခုအတွင်းမှာ တည်ရှိနေတဲ့ တိုင်းပြည် တစ်ပြည်နဲ့ အဲဒီတိုင်းပြည်အတွင်း မှီတင်းနေ ထိုင်ကြတဲ့ တိုင်းသူပြည်သားများရဲ့ အရေးကိစ္စ မှန်သမျှဟာ နိုင်ငံရေးဖြစ်တယ်။ နိုင်ငံသားအား လုံးရဲ့ အရေးကိစ္စ ဖြစ်တဲ့အတွက် နိုင်ငံသားအားလုံးနဲ့ ဆိုင်တယ်။ သက်ဦးဆံပိုင် ရှင်ဘုရင် ဖြစ် စေ၊ သမ္မတအ စိုးရမျိုးဖြစ်စေ၊ နိုင်ငံသူ နိုင်ငံသားများဆီကရတဲ့ အခွန်အတုပ်ကို စားရသူတွေ ဖြစ်တာကြောင့် နိုင်ငံသူ နိုင်ငံသားရဲ့ အရေးကိစ္စအ၀၀ကို အလေးထား ဆောင်ရွက်ကြရတယ်။ ပဒေသရာဇ်စနစ်မှာ ဘုရင်ကအကန်တော့ခံ နေရာမှာနေပေမယ့်လည်း တိုင်းပြည်ဝန်ကို ထမ်းရ သူဖြစ်တယ်။ သမ္မတစနစ်၊ ပါလီမန်စနစ်ခေတ်တွေ ရောက်တော့ သမ္မတတို့၊ ၀န်ကြီးတို့ ဆိုတာ တွေကို အကန်တော့ခံနေရာမှာ မထားတော့ဘူး။ ပြည်သူလူအများရဲ့ လစာရိက္ခာကိုစားပြီး ပြည်သူ့ဝန်တာကို ထမ်းဆောင်သူများဖြစ်တဲ့အတွက် ‘Public Servant’ ပြည်သူ့အစေခံ ဒါမှ မဟုတ် ပြည်သူ့ဝန်ထမ်းလို့ သတ်မှတ်ကြတယ်။

မြက်စားတဲ့လူမရှိ
ရှင်ဘုရင်ဖြစ်ဖြစ်၊ သမ္မတဖြစ် ဖြစ် ပြည်သူပေးတဲ့ လစာရိက္ခာကိုစားပြီး ပြည်သူ့ဝန်ကို ထမ်း ကြရသူတွေချည့် ဖြစ်တယ်။ အဲဒါကြောင့် ဒီမိုကရေစီခေတ်မှာ ပြည်သူတွေက အရှင်သခင် တွေ ဖြစ်ပြီး အစိုးရတွေက ပြည်သူ့ အစေခံတွေဖြစ်တယ်။ ယဉ်ကျေးတဲ့စကားနဲ့ပြောရင် ပြည်သူ့ ၀န်ထမ်းတွေ ဖြစ်တယ်။ တိုင်းသူပြည်သားတိုင်းဟာ မြို့နေဖြစ်ဖြစ်၊ တောနေဖြစ်ဖြစ် ပညာ တတ်သူ ဖြစ်ဖြစ်၊ ပညာမတတ်သူဖြစ်ဖြစ်၊ အားလုံး အခွန်အတုပ်ပေးရသူတွေ ဖြစ်တာကြောင့် လခစားမှန်သမျှရဲ့ အလုပ်ရှင်တွေလို့ ဆိုနိုင်တယ်။ ဒါ့အပြင် လူမှန်ရင်ပညာရေချိန် နိမ့်သည် ဖြစ်စေ၊ မြင့်သည်ဖြစ်စေ ပူတာ ကိုပူမှန်းသိတယ်။ အေးတာကိုအေး မှန်းသိတယ်။ ကောင်းတာ ကို ကောင်းမှန်းသိတယ်။ မကောင်းတာကိုလည်း မကောင်းမှန်းသိတယ်။ ပညာမတတ်လို့ မြက်စားတဲ့ လူမရှိ ဘူး။

ပိတ်ပင်ခွင့်မရှိ
လူတိုင်းမှာ ခေါင်းရှိလို့ စဉ်းစားတတ်တယ်။ နားရှိလို့ နားထောင်တတ်တယ်။ မျက်စိရှိလို့ ကြည့် တတ်တယ်။ ပါးစပ်ရှိလို့ ပြောတတ်တယ်။ ပညာမတတ်လို့ မစဉ်းစားရဘူး။ မ ကြားရဘူး၊ မ ကြည့်ရဘူး၊ မပြောရဘူးလို့ တားဆီးလို့မရဘူး။ ဒါဟာ လူတိုင်းအတွက် သဘာဝတရားက ဖန်တီးပေးထားတဲ့ မွေးရာပါ အခွင့်အရေးဖြစ်တယ်။ ပညာရေချိန်နိမ့်သေးတဲ့ အတွက် ဒီအခွင့် အရေးတွေနဲ့ မထိုက်တန်သေးဘူးလို့ ဘယ်သူကမှ ပိတ်ပင် တားဆီးပိုင်ခွင့်မရှိဘူး။ ကိုယ့်ဟာ ကိုယ် ပညာရေချိန်မြင့်တယ်ထင်ပြီး လူအများကို ဒီမိုကရေစီနဲ့မထိုက်တန်သေးဘူးလို့ ပြောနေ သူများဟာ အမှန်တကယ်တော့ သနားစရာကောင်းလောက်အောင်ကို အသိဥာဏ်ပညာ နိမ့်ကျ နုံချာသူတွေဖြစ်တယ်။ အင်္ဂလိပ်စကားပုံတစ်ခုရှိတယ်။ (He who kkinks, he knows everything knows nothing) ‘သူ့ကိုယ်သူ ဘာမဆိုသိတယ်၊ တတ်တယ်ထင်နေတဲ့ သူဟာ ဘာမှကို မသိမတတ်သူ ဖြစ်တယ်’ ဆိုတာပါပဲ။

နှုတ်ခမ်းပဲ့ချင်းမီးမှုတ်
မြန်မာလိုတော့ ‘မပြည့်တဲ့အိုး ဘောင်ဘင်ခတ်’ ပေါ့။ သူ့ဟာသူ ဘောင်ဘင်ခတ်တာ ခတ် ချင်တိုင်းခတ်ပါစေ။ ဘာမှ ပြောစရာမရှိပါဘူး။ ဘောင်ဘင်ခတ်သူချင်း စုပြီး တတိယအုပ်စုဖွဲ့ဖွဲ့၊ စတုတ္ထအုပ်စုဖွဲ့ဖွဲ့ ဖွဲ့ချင်သလောက်ဖွဲ့ပါစေ လူရာမ၀င်ပါဘူး။ မြန်မာလူမျိုးတွေကို နှိမ့်ချစော် ကားလုပ်ပြီး ဒီမိုကရေစီနဲ့မထိုက်တန်သေးဘူး၊ ပညာရေချိန်မြင့်အောင် လုပ်ပါဦးမယ် ဆိုတာမျိုး တွေတော့ မပြောလာနဲ့ ပြည်သူတွေ့ကြက်ခေါင်း ဆိတ်မခံဘူးသာမှတ်။ နှုတ်ခမ်းပဲ့ချင်း မီးမှုတ် နေရုံနဲ့တော့ မီးတောက် လာမှာမဟုတ်ဘူးဆိုတာ ဘောင်ဘင် ခတ်သူတွေ မသိပေမယ့် ပြည်သူ တွေ သိတယ်။ လူတိုင်းမှာ စဉ်းစားဖို့ ခေါင်းတစ်လုံးစီ ရှိပါတယ်။

                                                                                    လူထုစိန်ဝင်း